28

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၆၇) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ

သတင်း / တအာင်းနိုင်ငံရေး
23 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၆၇) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ 


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည်။


နှစ်တစ်နှစ်ကုန်ဆုံးပြီး နှစ်သစ်ကို ကျော်ဖြတ်ရန် မင်္ဂလာရှိရှိဖြင့် ကြိုးစားရသော နိုင်ငံများအုပ်စုတွင် မြန်မာနိုင်ငံ မပါဝင်ခဲ့သည်မှာ နှစ်ပေါင်းများစွာရှိခဲ့ပြီဖြစ်သည်။ ခရစ်စမတ်ကာလ၊ နှစ်သစ်ကူးအကြိုကာလညများ၌ တိုက်ပွဲများ မရှိသောနှစ်ဟူ၍ မရှိသလောက်ပင်ဖြစ်သည်။ 


၂၀၂၃ ခုနှစ်အကုန် ၂၀၂၄ ခုနှစ်သို့ အကူးအပြောင်းကာလတွင်လည်း ယခင်နှစ်များနည်းတူ တိုက်ပွဲများ၊ စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူလူထုတို့ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုတို့မှာ ဆက်လက်ရှိနေခဲ့ပြီး ထူးမခြားနား မရိုးနိုင်သော နှစ်တစ်ခုကို မြန်မာပြည်သူလူထုတို့ ဆက်လက်ရင်ဆိုင် ဖြတ်သန်းရအုံးမည်ဖြစ်သည်။


၁၀၂၇ စစ်ဆင်ရေးသည်လည်း နှစ်ကုန်သွားသည့်တိုင် နှစ်သစ်သို့ ဆက်လက်သယ်ဆောင်ခြင်းနှင့်အတူ မြန်မာပြည်သူ လူထုတစ်ရပ်လုံး နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တနေသော မျှော်လင့်ချက်အိမ်မက်များကို အလုံးစုံ အကောင်အထည် ဖော်နိုင်ရန် အကောင်းဆုံးသောအချိန်ကာလလည်းဖြစ်ပါသည်။


အခြားတစ်ဘက်တွင် နှစ်သစ်ကူးကာလ၌ စစ်အာဏာရှင်ဒဏ်သင့် မြန်မာပြည်သူလူထုများအနေဖြင့် အနည်းဆုံးသော ဆင်းရဲဒုက္ခ၊ စစ်ဘေးများကိုသာ ရစေကြပြီး သန်းချီသော စစ်ဘေးရှောင်ပြည်သူလူထုများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများကို မိမိတို့အား စာနာနားလည်သောနိုင်ငံများ ၊ နိုင်ငံတကာအဖွဲ့အစည်းများထံမှ ယခုထက် ပိုမိုရရှိပါစေဟု မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့မှ နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ပါသည်။


ယနေ့ ၂၀၂၄ နှစ်ဆန်းတစ်ရက်နေ့တွင်လည်း ၁၀၂၇ စစ်ဆင်ရေးသည် အရှိန်မပျက် အရသာမပျက် မူလအတိုင်းပုံမှန် ရှိနေပါကြောင်းကိုလည်း မိဘပြည်သူလူထုတို့အား လေးစားစွာဖြင့် အသိပေးအပ်ပါသည်။


(၁) ၂၀၂၄ ခုနှစ်သို့ မကူးပြောင်းမီ ယမန်နေ့ ည (၁၁) နာရီ (၄၅) အချိန်ခန့်တွင် တအာင်းတပ်မတော် (TNLA) သည် တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်‌ဒေသ၊ မိုင်းငေါ့မြို့ရှိ စစ်ကောင်စီဗျူဟာမှူး အခြေချကွပ်ကွဲနေသည့် “မိုင်းငေါ့ဗျူဟာ ကုန်းကြီး” အပါအဝင် စခန်းငယ်များ၊ ရဲစခန်းများနှင့် ဌာနဆိုင်ရာရုံးများအားလုံးကို ရန်သူ၏ လေကြောင်း၊ ဗုံးကြဲ တိုက်ခိုက်မှုများအပြင် လက်နက်ကြီးများဖြင့် အပြင်းအထန်ပစ်ကူတိုက်ခိုက်မှုကြားမှ စစ်ဆင်ရေး (၃) ရက်အကြာ၌ အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။ 


နှစ်ကူးအကြိုနေ့ အောင်ပွဲအဖြစ် “မိုင်းငေါ့မြို့” သည် ရှမ်းမြောက်ဒေသအတွင်း မိမိတို့မှ အလုံးစုံသိမ်းပိုက်ထားနိုင်သည့် အချက်အခြာကျသည့် ဆဌမမြို့ကြီးတစ်မြို့ဖြစ်လာသည်။ 


(၂) ယမန်နေ့၊ ညနေ (၃) နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီသည် ရှမ်းမြောက်ဒေသအတွင်းရှိ လားရှိုး-နမ္မတူ-နမ့်ဆန်မြို့ ကြီး (၃) မြို့အား အဓိက ဆက်သွယ်ပေါင်းကူးထားသည့် “အီနိုင်းတံတား” ကို တမင်တကာရည်ရွယ်ချက်ရှိရှိ လာ‌ရောက်မိုင်းခွဲဖျက်ဆီးခဲ့သည်။ ဒီဇင်ဘာလ (၂၈) ရက်နေ့ကလည်း သီပေါ-နမ္မတူ မြို့ကြီးနှစ်မြို့ကြား အဓိက ဆက်သွယ် ထားသော “မိုးတေချောင်းတံတား” အား စစ်ကောင်စီ၏ (၅၀၃/၅၀၄) တပ်မှ မိုင်းခွဲဖျက်ဆီးခဲ့ပြီးဖြစ်သည်။


(၃) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် ရှမ်းမြောက်ဒေသ၊ ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ၏ အခြေချတပ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် မိမိတို့ ညီနောင် (၃) ဖွဲ့ကြား ထိတွေ့တိုက်ပွဲမှာ ဆက်လက်ရှိနေခဲ့သည်။


(၄) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့၌ လားရှို့မြို့နယ်ရှိ စစ်ကောင်စီတပ်မှ အီနိုင်းကျေးရွာ၊ ပန်ဟုံကျေးရွာ၊ ပန်ခေါ် ကျေးရွာနှင့် ဆယ်မိုင်ကုန်းသို့ လက်နက်ကြီးဖြင့် (၁၇) ကြိမ်၊ ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်မှ မိုင်းငေါ့မြို့သို့ လက်နက်ကြီးဖြင့် (၁၁) ကြိမ် နှင့် မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်မှ ညောင်ကုန်းကျေးရွာနှင့် ကုန်စံကျေးရွာသို့ လက်နက်ကြီးဖြင့် (၁၈) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်မှ အီနိုင်းတံတားသို့ Y12 လေယာဉ်ဖြင့် (၁) ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


(၅) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့၊ နေ့လယ် (၂) နာရီနှင့် (၃) နာရီ (၃၀) ဝန်းကျင်ခန့်တွင် ရက္ခိိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းလက်အောက်ခံ လက်ကိုင်တုတ်အဖွဲ့ဝင်အင်အား (၄၀) ခန့်သည် ဆတ်ရိုးကျမြို့သစ် ရပ်ကွက်နှင့် မင်းဒရားချိတ်ရွာဟောင်းရပ်ကွက်သို့ လက်နက်အပြည့်အစုံဖြင့်ဝင်ရောက်ကာ အမျိုးသမီး (၁) ဦး အပါအဝင် ဒေသခံ (၅) ဦးနှင့် မွတ်ဆလင် (၆) ဦးတို့အား အင်အားသုံး အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ အဆိုပါ ဖမ်းဆီးခံရသူ များအား စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားလျက်ရှိသည်။

(၆) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးရှိ ပြည်သူလူထုအား နှစ်ရှည်လများ အနှောင့်အယှက်ပေးနေသော စစ်ကောင်စီ၏ “တောင်ရှည်တောင်ဗျူဟာကုန်း” အား ရက္ခိုင့်တပ်တော် (AA) မှ အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ရေးအတွက် တိုက်ပွဲများဆက်လက်ပြင်းထန်နေခဲ့သည်။ နံနက် (၉) နာရီဝန်းကျင် ကလည်း ရန်သူ၏ ဂျက်တိုက်လေယာဉ်သည် အဆိုပါကျေးရွာနှင့် အနီးအနားကျေးရွာများသို့ ဗုံး (၅) လုံးထက်မနည်း လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ၎င်းဗျူဟာကုန်းနှင့် ကျောက်တော်အခြေစိုက် “စကခ (၉)” မှလည်း လက်နက်ကြီးများ ဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ အဆိုပါ ဗျူဟာကုန်းသည် ဒေသခံပြည်သူများအား အနိုင်ကျင့် ဗိုလ်ကျလျက် လူသားဒိုင်းကာအဖြစ် မတရားဖမ်းဆီး၊ သတ်ဖြတ်မှုများ ပြုလုပ်နေခဲ့သည့် စစ်ရာဇဝတ်မှုအခြေစိုက်ရာ နေရာတစ်ခုလည်း ဖြစ်သည်။


(၇) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်နေ့တွင်လည်း  ရက္ခိုင်ဒေသ၊ ပလက်ဝဒေသ၊အတွင်း တိုက်ပွဲများမှာ ယခင်ရက်များ နည်းတူ ဆက်လက်ရှိနေခဲ့သည်။ ရက္ခိုင့်တပ်တော် (AA) လှုပ်ရှားရာနေရာများထဲမှ တစ်ခုဖြစ်သော စစ်ကိုင်းတိုင်း၊ ထီးချိုင့် မြို့နယ်အတွင်း၌လည်း ရက်ဆက် (သို့မဟုတ်) တစ်ရက်ခြား တိုက်ပွဲများမှာ ဆက်တိုက်ရှိနေခဲ့သည်။


မိမိတို့ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသာ စစ်ကောင်စီ၏ စခန်းများထဲမှာ ချင်းလက်ဝစခန်း( ပလက်ဝ)၊ မီးဝဗျူဟာကုန်း (ပလက်ဝ)နှင့် ပွိုင့် (၃၁၃) ကုန်း (ပလက်ဝမြို့၏ အရှေ့မြောက်ဘက် မီတာ (၁၇၀၀) အကွာအဝေးရှိ စခန်း) အပါအဝင် အခြားသော တစ်ဝက်တစ်ပျက် ကျန်ရှိနေသေးသည့် ရန်သူ့စခန်းကုန်းများအားလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိသည်။ 


အဆိုပါ မိမိတို့ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောနေရာများသို့ စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်များဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် နေ့၊ ညအချိန်မရွေး ပစ်ခတ်တိုက်ခိုက်ခြင်းများဖြင့် အသည်း အသန်ခုခံနေသကဲ့သို့ မိမိတို့အနေဖြင့်လည်း အဆိုပါစခန်းများအားလုံးကို အချိန်တိုတိုအတွင်း အပြီးသတ်သိမ်းပိုက်ရယူ နိုင်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။


ယနေ့တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကန်ထောက်ဝမှ အရပ်သားပြည်သူ အမျိုးသမီး (၃)  ဦး လက်နက်ကြီးစထိမှန်၍ ထိခိုက်ဒဏ်ရာရခဲ့သည်။


(၈) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင်လည်း ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့အား စစ်ကောင်စီ၏ စစ်ရေယာဉ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်အချို့ မီး‌လောင်ပျက်စီးခဲ့ရသည်။ ရန်သူသည် ရမ်းဗြဲမြို့တွင်း လက်နက်အင်အား၊ လူအင်အားများကို အခိုင်အမာတပ်စွဲအခြေချထားပြီး မြို့တွင်းရှိ ဒေသခံများအား လူသားဒိုင်းကာအဖြစ် အကာအကွယ်ယူ၍ နေ့စဉ်ရက်ဆက် လက်နက်ကြီး၊ ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက် ခိုက်လျက်ရှိသည်။ 


(၉) အလားတူပင် ရက္ခိုင်ပြည်၊ ပေါက်တောမြို့တွင်လည်း စစ်ကောင်စီဘက်မှ မြေပြင်ထောက်ပို့များအား ထပ်မံဖြည့်တင်း နိုင်စွမ်းမရှိတော့သည့်အတွက် လေကြောင်း၊ ရေကြောင်းနှင့် ကျန်ရှိနေသေးသည့် ၎င်း၏ လက်အောက်ခံစခန်းအချို့မှ ပေါက်တောမြို့အား ဦးတည်ပစ်မှတ်ထား၍ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။ 


(၁၀) ယနေ့၊ နေ့လယ် (၃) နာရီအချိန်ခန့်တွင်လည်း ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ကျောက်ပြင်ဆိပ်ကျေးရွာ၌ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ “ခမရ (၅၃၈) တပ်ရင်း” မှ ရွာနီးစပ်ဝန်းကျင်၌ ရည်ရွယ်ချက်ရှိရှိ မိုင်း‌ထောင် ထားမှုကြောင့် အသက် (၅၇) နှစ်အရွယ် သက်ကြီးပိုင်းဒေသခံအမျိုးသား (၁) ဦးမှာ ကျောက်ပြင်ဆိပ်ဘုန်းကြီးကျောင်း အနီး နွားကျောင်းနေစဉ် မိုင်းနင်းမိ၍ ဘယ်ဘက်ခြေ‌ထောက်ပြတ်ထွက်သွားသည်အထိ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။


(၁၁) ယနေ့၊ ည (၇) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် ရက္ခိုင်ပြည်၊ မြောက်ဦးအခြေစိုက် စစ်ကောင်စီ၏ “ခမရ (၅၄၀) တပ်ရင်း” မှ အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် ဗောဓိ သာရာမဘုန်းကြီးကျောင်းနှင့် ရွှေဂူတောင်ရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့သည်။ ရွှေဂူတောင်ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးကျည်ကြောင့် အသက် (၅၀) နှစ် အရွယ် ဒေသခံအမျိုးသမီး (၁) ဦး သေဆုံးခဲ့ရကာ (၆) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


(၁၂) ယမန်နေ့၊ နံနက် (၈) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် ရက္ခိုင်ပြည်၊ မောင်တောအခြေစိုက် စစ်ကောင်စီ၏ “မောရဝတီ ဗျူဟာကုန်း” မှ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ကိုင်းကြီး (မြို) ကျေးရွာ၏ လမ်းမထက်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ရာ လမ်းသွားလမ်းလာ ဒေသခံအမျိုးသမီး (၂) ဦးနှင့် အမျိုးသား (၁) ဦးတို့ ကျည်စထိမှန်၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

(၁၃) အလားတူပင် ယမန်နေ့ ညနေကလည်း စစ်ကောင်စီ၏ ဂျက်လေယာဉ်သည် လောက်ကိုင်ဒေသအတွင်းသို့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့၍ လောက်ကိုင်မြို့ပြင်ရှိ နန်လီတွင် ဗုံးသီးများကျရောက်ပေါက်ကွဲခဲ့ကာ ဒေသခံပြည်သူ (၁) ဦး ဗုံးစထိမှန် သေဆုံးခဲ့ရသည်။


မိမိတို့၏ စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။ 


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027

Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၆၇) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး

မှတ်ချက်များ
သင်၏ ထင်မြင်ချက်