27

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၆၈) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ

သတင်း
23 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၆၈) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ 


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့၊ ည (၁၁:၃၀) အချိန်တွင် ထုတ်ပြန်သည်။


ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး၏ ကြိုတင်ထုတ်ပြန်ထားသော ရည်မှန်းချက်များကို တစ်ဆင့်ပြီး တစ်ဆင့် မရပ်မနား အကောင်အထည်ဖော်ဆောင်လျက်ရှိသည်။


တစ်ပြိုင်နက်တည်းတွင် မြန်မာပြည်သူလူထုများအား နှစ်ရှည်လများ ဒုက္ခပေးဗိုလ်ကျအနိုင်ကျင့်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား မိမိတို့နယ်မြေများတွင် တစ်ယောက်မှမရှိရလေအောင် မိမိတို့၏ မပြီးပြတ်သေးသော စစ်ဆင်ရေးများ ကို ဆက်လက်ဆင်နွှဲလျက်ရှိသည်။


ထို့အပြင် မိမိတို့သတ်မှတ်ထားသော စစ်ဆင်ရေးနယ်မြေများအတွင်းတွင် အပြီးသတ် (သို့) တစ်ဝက်တစ်ပျက် သိမ်းပိုက် ရယူရန်ကျန်ရှိနေသေးသည့် ရန်သူ့စခန်းများကိုလည်း တစ်ခုပြီးတစ်ခု ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိသည်။ ဤသို့ တိုက်ခိုက်နေခြင်းသည်ပင်လျှင် မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသော စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် ကြီးမားသော အထောက်အကူပြုစေရန် ပြုလုပ်နေခြင်းပင်ဖြစ်သည်။


ယနေ့တွင်လည်း စစ်ကောင်စီနှင့် မိမိတို့ကြား နှစ်ဘက်ရင်ဆိုင်ထိတွေ့တိုက်ပွဲများ ဆက်လက်ရှိနေသကဲ့သို ရန်သူဘက်မှ လည်း မိမိတို့အပါအဝင် ပြည်သူလူထုအား လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ယခင်ရက်များ နည်းတူ ဆက်လက်ပြုလုပ်နေခဲ့သည်။


(၁) ယနေ့တွင် တအာင်းတပ်မတော် (TNLA) သည် ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် ထိတွေ့ တိုက်ပွဲအချို့ရှိခဲ့သည်။ 


အလားတူပင် တအာင်းတပ်မ‌‌‌တော် (TNLA) ဦးဆောင်၍ MDY PDF တို့ပါဝင်သော ပူးပေါင်းတပ်ဖွဲ့နှင့်လည်း နောင်ချို မြို့နယ်၊ သံဘိုကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား နှစ်ဘက်ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားရာ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာသို့ ရန်သူသည် ဂျက်ဖိုက်တာဖြင့် (၃) ကြိမ် လာရောက်ပစ်ကူတိုက်ခိုက်ခဲ့သည်။ 


(၂) ယနေ့တစ်ရက်တည်းတွင် တအာင်းတပ်မ‌တော် (TNLA) စစ်ရေးလှုပ်ရှားရာနယ်မြေတစ်ခုဖြစ်သည့် လားရှို့မြို့နယ်ရှိ စစ်ကောင်စီတပ်မှ အီနိုင်းကျေးရွာ၊ ပန်ဟုံကျေးရွာနှင့် ဆယ်မိုင်ကုန်းဘက်သို့ လက်နက်ကြီးဖြင့် (၁၉) ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ရန်သူဘက်မှ Y12 လေယာဉ်ဖြင့် (၂) ကြိမ်၊ ဂျက်ဖိုက်တာဖြင့် (၃) ကြိမ်တိုင် ဗုံး (၉) လုံးနှင့် ဖျက်အားပြင်းပေါင် (၅၀၀) ဗုံး (၂) လုံးတို့ဖြင့် ကွတ်ခိုင်မြို့တွင်း အပါအဝင် တုံဆင်လေးကျေးရွာနှင့် ရပ်ကွက် (၈) ရဲစခန်း တို့အား လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 


(၃) ယနေ့တွင်လည်း ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးရှိ စစ်ကောင်စီအခြေချ “တောင်ရှည်တောင် ဗျူဟာကုန်း” အား ရက္ခိုင့်တပ်တော် (AA) မှ အလုံးစုံသိမ်းပိုက်ရယူရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။


ရန်သူသည် ဗျူဟာကုန်းမကျရေးအတွက် ဂျက်ဖိုက်တာ (၂) စီးဖြင့် လေကြောင်းမှ အပြင်းအထန်ခုခံကာကွယ်နေရသည့် အပြင် ကျောက်တော်အခြေစိုက်စခန်းများမှလည်း အတွဲလိုက်ဒုံးအမြောက်အမြားသုံးကာ ခုခံကာကွယ်တိုက်ခိုက်လျက် ရှိသည်။


(၄) ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့၊ နံနက် (၄) နာရီအချိန်ခန့်မှစ၍ ရက္ခိုင်ပြည်၊ မင်းပြား၊ ကျိန်းတောင်အခြေစိုက် စစ်ကောင်စီ၏ “ခမရ (၃၈၀)”၊ “ခမရ (၃၇၉)” နှင့် “ခမရ (၅၄၁)” တပ်ရင်းများမှ မင်းပြားမြို့ထဲသို့ လက်နက်ကြီးများဖြင့် အကြိမ်ပေါင်း (၃၀) ထက်မနည်း တမင်တကာ ရည်ရွယ်ချက်ရှိရှိ ရမ်းကားပစ်ခတ်ခဲ့သည်။ ထိုသို့ပစ်ခတ်တိုက်ခိုက်မှု ကြောင့် ရန်သူ့လက်နက်ကြီးကျည် (၃) လုံးမှာ ပြည်တော်သာရပ်ကွက်ထဲသို့ ကျရောက်ပေါက်ကွဲခဲ့၍ နေအိမ် (၃) လုံးနှင့် အခြေခံပညာမူလတန်းကျောင်းမှာ လုံးဝပြိုကျပျက်စီးခဲ့ရသည်။ 


တစ်ဆက်တည်းမှာပင် နောက်ထပ် လက်နက်ကြီးကျည် (၁) လုံးလည်း မင်းပြားမြို့မစျေးမထဲသို့ ကျရောက်‌ပေါက်ကွဲခဲ့၍ ဆိုင်ခန်းအချို့မှာလည်း ပြိုကျပျက်စီးခဲ့ရသည်။ ထို့အပြင် မင်းပြားဆေးရုံကြီးအနီးသာမက ကျီးဖြူကေျးရွာအတွင်းသို့ လည်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သဖြင့် သစ်ပင်ကြီးများပါ ကျိုးပဲ့၊ ပိုင်းပြတ်ကာ ပျက်စီးဆုံးရှုံးမှုအချို့ ဖြစ်ပွားခဲ့သည်။


(၅) ယနေ့၊ နေ့လယ် (၁၂) နာရီအချိန်ခန့်နှင့် (၂) နာရီ (၄၅) မိနစ်အချိန်ခန့်စပ်ကြား၌ ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ မျောက်တောင်ရွာသို့ အကြမ်းဖက်စစ်ကောင်စီမှ လူမဆန်စွာ ဒရုန်းဖြင့် drop bomb များ (၃) ကြိမ်တိုင်တိုင် တမင်တကာ လာရောက်ကြဲချတိုက်ခိုက်ခဲ့သဖြင့် ၎င်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ အသက် (၃) နှစ်အရွယ် လူမမယ် ယောကျာ်းလေး (၁) ဦးနှင့် အသက် (၂၂) နှစ်အရွယ်ယောကျာ်းလေး (၁) ဦးတို့အား ထိမှန်၍ သေဆုံးခဲ့ရသည်။ ထို့အတူ ဒေသခံအမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၃) ဦးတို့မှာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ရသည်။ 


(၆) ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့၊ ကျောက်ဖြူမြို့၊ ပုဏ္ဏားကျွန်းမြို့၊ မြေပုံမြို့နှင့် စစ်တွေမြို့များတွင် စစ်ကောင်စီသည် ယခု နှစ်သစ် ကာလ ပထမရက်သတ္တတစ်ပတ်များတွင်လည်း ယခင်ရက်များနည်းတူ စစ်ရေးအင်အား ကြိုတင်ပြင်ဆင်မှုများကို ပိုမို ချဲ့ထွင်လာသည်ကို တွေ့ရှိနေရသည်။

ရမ်းဗြဲကျွန်း၊ ရမ်းဗြဲမြို့အတွင်းသို့ စစ်ကောင်စီမှ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မြို့တွင်းရှိ လူနေအိမ်အချို့မှာလည်း မီးလောင်ပျက်စီးမှုများရှိခဲ့သည်။


(၇) ပလက်ဝဒေသအတွင်းရှိ “ခမောင်းဝစခန်း” အား ရက္ခိုင့်တပ်‌တော် (AA) သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့ တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။ ထို့အတူ လက်နက်ချအညံ့မခံသေးသော စခန်းကြီး၊ ငယ်များနှင့်  တစ်ဝက် တစ်ပျက် (သို့) အနည်းငယ်သာ ကျန်ရှိနေသေးသည့် စခန်းများကိုလည်း ယခုရက်သတ္တတစ်ပတ်အတွင်း အပြီးသတ် ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်သည်။


(၈) ကိုးကန့်ဒေသအတွင်း တစ်ဝက်တစ်ပျက် သိမ်းပိုက်ရန် ကျန်ရှိသည့် ရန်သူ့စခန်းအချို့မှ တပ်ဖွဲ့ဝင်များသည် လက်နက်ချအညံ့ခံခြင်းမရှိဘဲ အရပ်သားပြည်သူများအား ပစ်မှတ်ထားကာ အငြိုးအတေးဖြင့် ဆက်လက်ခုခံတိုက်ခိုက် လျက်ရှိသည်။ နှစ်သစ်သို့ကူးပြောင်းသည့် ရက်အတွင်း၌လည်း မူပန် (သိန္နီ) ခရိုင်၊ ကျုံခမ်းရှိ ရန်သူ့တပ်ရင်းမှ အကြွင်း အကျန်အချို့သည် အရပ်သားပြည်သူများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မူပန်မြို့ပြင်၊ ပန်းလော်ဒေသ (တရုတ်ရွာ) ထဲရှိ လူနေအိမ်အား လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ကာ အသက် (၁၂) နှစ်အရွယ် ဒေသခံ မိန်းကလေးငယ် (၁) ဦး နှင့် ဒေသခံ (၂) ဦးတို့ ထိခိုက်ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ 


မိမိတို့အနေဖြင့် ယခုနှစ်သစ်ကာလတွင်လည်း ဖက်ဆစ်နယ်ချဲ့ဝါဒအား ယခင်ခေတ် အဆက်ဆက်တော်လှန်လာခဲ့သည့် နည်းနာအတိုင်း မဆုတ်မနစ်သည့် ဇွဲ၊ လုံ့လ၊ ပေးဆပ်မှုများအား စတေးကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။


မိမိတို့၏ စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027



Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၆၈) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး

မှတ်ချက်များ
သင်၏ ထင်မြင်ချက်