26

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၆) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

သတင်း / တအာင်းနိုင်ငံရေး
23 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၆) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည်။


ကိုးကန့်နှင့် တအာင်းဒေသများတွင် လက်ရှိအချိန်၌ စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲများမှာ သိသာစွာလျော့နည်းသွားပြီဟု ဆိုနိုင်သော်လည်း စစ်ကောင်စီသည် အရပ်သားပြည်သူများအပေါ်  စစ်ရာဇဝတ်မှုကျူးလွန်မှုနှင့် လူ့အခွင့်အရေးပို၍ ချိုးဖောက်မှုများကို ပြုလုပ်လျက်ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် အရပ်သားပြည်သူထိခိုက်သေဆုံးမှုတို့မှာလည်း ဆက်လက်ရှိနေခဲ့သည်။


ရက္ခိုင်‌ဒေသတွင်း၌ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ထိတွေ့တိုက်ပွဲများမှာ ရက္ခိုင်ပြည်၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များ၌ မရပ်မနား ဆက်လက်ရှိနေခဲ့ပြီး အချို့မြို့များတွင် တိုက်ပွဲများ ပြင်းထန်နေခဲ့သည်။ အမ်းမြို့အတွင်း၌လည်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့စဉ်ရှိနေခဲ့သည်။


ထို့အတူ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ ပတ်ဝန်းကျင်၌လည်း မိမိတို့နှင့် စစ်ကောင်စီကြား တိုက်ပွဲများ ရှိခဲ့သည်။


၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်မှစတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးကြီးမှာ ယနေ့ဆိုလျှင် (၈၆) ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဤနေ့တွင် ရှမ်းမြောက်ဒေသ၌ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများနှင့် ရက္ခိုင်ဒေသတွင်း တိုက်ပွဲများမှာ ဆက်လက်ရှိနေခဲ့သည်။


(၁) ရှမ်းမြောက်၊ လားရှိုးမြို့နယ်၊ နမ့်တွန်ကျေးရွာ၌ စစ်ကောင်စီအခြေစိုက်တပ်စခန်းမှ နယ်စပ်တံတားသို့ ယနေ့၊ နံနက် (၆:၀၈) မိနစ်အချိန်ခန့်တွင် လက်နက်ကြီးများဖြင့် (၃) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


(၂) ရက္ခိုင်ပြည်၊ ပေါက်တောနှင့် မင်းပြားမြို့နယ်ရှိ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား မြိုတွင်းတိုက်ပွဲများမှာ နေ့စဉ်နီးပါး ပုံမှန်ရှိနေဆဲဖြစ်သည်။ အဆိုပါမြို့တွင်းတိုက်ပွဲများ၌ စစ်ကောင်စီဘက်မှ တိုက်ပွဲဖြစ်ပွားရာနေရာများကို သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားပြည်သူများနေထိုင်ရာ‌ကျေးရွာများသို့လည်း လက်နက်ကြီး၊ လေကြောင်းနှင့် ရေကြောင်းပစ်ခတ်မှုများကို အပြင်းအထန်အသုံးပြုတိုက်ခိုက်လျက်ရှိသည်။


(၃) ထို့အပြင် ရက္ခိုင်ဒေသတွင်း စစ်ကောင်စီ၏ ခမရတပ်ရင်းများဖြစ်ကြသည့် မြောက်ဦးအခြေစိုက် “(၃၇၇)၊ (၃၇၈) နှင့် (၅၄၀)”၊ မင်းပြားအခြေစိုက် “(၃၇၉)၊ (၃၈၀)နှင့် (၅၄၁)”၊ ကျောက်တော်အခြေစိုက်တပ်ရင်း “(၃၇၄)၊ (၃၇၅) နှင့် (၃၇၆)” တို့အပါအဝင် ရသေ့တောင်အခြေစိုက် “(၅၃၆)၊ (၅၃၇)နှင့် (၅၃၈)” တပ်ရင်းအခြေစိုက်နေရာများ၌လည်း ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။ 


အဆိုပါစစ်ကောင်စီ၏ တပ်စခန်းများထဲမှ အချို့ကို ရက္ခိုင့်တပ်တော်မှ ရန်သူ၏ အပြင်းအထန်ခုခံကာကွယ်သည့်ကြားမှ သိမ်းပိုက်ထားနိုင်ပြီးဖြစ်သကဲ့သို့ လက်နက်ချအညံ့မခံသေးဘဲ မိမိတို့နှင့် အရပ်သားပြည်သူများအား ဆက်လက်တိုက်ခိုက်နေသေးသော ရန်သူ့တပ်ရင်းများကိုလည်း ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိသည်။


(၄) ဆက်လက်၍ ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း၊ ကျောက်တန်း၊ အောင်သာစည်ကျေးရွာအနီးရှိ စစ်ကောင်စီအခြေစိုက်တပ်စခန်းနှင့် ထီးစွဲကျေးရွာအနီးရှိ ရန်သူ့အခြေစိုက်တပ်စခန်းနှစ်ခုတို့အား ရက္ခိုင့်တပ်တော် (AA) မှ လွန်ခဲ့သောရက်များအတွင်း အပြီးသတ်သိမ်းပိုက်ရယူထားပြီးဖြစ်သည်။ 


ယမန်နေ့ နောက်ဆက်တွဲသတင်းအနေဖြင့် 


(၅) ယမန်နေ့၊ ညနေ (၄) နာရီ (၃၀) မိနစ်အချိန်ခန့်၌ ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ကြာညိုပြင်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ တပ်မ (၂၂) လက်အောက်ခံ “ခမရ (၂၀၃) တပ်ရင်း” မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘူးသီးတောင်မြို့နှင့် အနီးအနားကျေးရွာများသို့ လက်နက်ကြီးများဖြင့် တမင်တကာရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ၎င်းလက်နက်ကြီးများထဲမှ (၁၀) လုံးခန့်မှာ စေတီတောင်ကျေးရွာနှင့် အနီးတစ်ဝိုက်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် (၁၃) နှစ်အရွယ် ဒေသခံကလေးငယ် (၁) ဦးမှာ ကျည်စထိမှန်၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027


Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၆) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး

မှတ်ချက်များ
သင်၏ ထင်မြင်ချက်