25

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၇) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

သတင်း / တအာင်းနိုင်ငံရေး
23 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၇) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့၊ ည (၁၁:၁၅) အချိန်တွင် ထုတ်ပြန်သည်။


ရှမ်းမြောက်တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့ ဆင်နွှဲလျက်ရှိသော ၁၀၂၇ စစ်ဆင်ရေးကြီးမှာ အခြေအနေတစ်ခုအောက်တွင် ပစ်ခတ်တိုက်ခိုက်မှု ရုတ်တရက်ရပ်တန့်ခဲ့သော်လည်း ညီနောင်သုံးဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့သည် ရက္ခိုင်ဒေသအပါအဝင် နေရာအချို့၌ တိုက်ပွဲများ ဆက်လက်ရှိနေခဲ့သည်။


ထို့ကြောင့် ၁၀၂၇ စစ်ဆင်ရေးကြီးသည် ရှမ်းမြောက်မှ အခြားနေရာသို့ ရွေ့လျားသည့်ပုံစံမျိုးဖြစ်ခဲ့ပြီး ရက္ခိုင့်တပ်တော်အနေဖြင့်လည်း စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှုများကြားမှ စခန်းသိမ်းတိုက်ပွဲများအပြင် ခုခံစစ်နှင့် တန်ပြန်ထိုးစစ်များကိုပါ ဗျူဟာမြောက်စွာ ဆင်နွှဲလျက်ရှိရာ ရက္ခိုင်ဒေသတွင်း၌မူ တိုက်ပွဲများမှာ တစ်ရက်ပြီးတစ်ရက် ပြင်းထန်လျက်ရှိသည်။


ပလက်ဝဒေသတိုက်ပွဲများမှ အိန္ဒိယနိုင်ငံအတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်သား (၄၀၀) ကျော်ထဲမှ အများစုတို့သည်လည်း ရက္ခိုင်ဒေသစစ်မျက်နှာ၌ တိုက်ပွဲဝင်နေကြပြီဖြစ်သည်။ ထို့အတူ စစ်ကောင်စီသည် ရေလမ်းမှလည်း စစ်သင်္ဘောကြီးများဖြင့် လက်နက်ခဲယမ်း၊ လူအင်အားများကို ရက္ခိုင်ဒေသအတွင်း ဆက်လက်ဖြည့်တင်းနေသောကြောင့် တိုက်ပွဲများမှာ နောက်ရက်များတွင် ယခုထက်ပိုမိုပြင်းထန်လာဖွယ်ရှိသည်။


စစ်ဆင်ရေး (၈၇) ရက်မြောက်နေ့တွင် အောက်ပါနေရာများ၌ တိုက်ပွဲများနှင့်အတူ စစ်ကောင်စီဖက်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများနှင့် အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ရွာများအား လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများမှာ ယခင်ရက်များနည်းတူ ဆက်လက်ရှိနေခဲ့သည်။


(၁) ယနေ့၊ နံနက် (၁၀) နာရီ (၂၈) မိနစ်အချိန်ခန့်တွင် တအာင်းပြည်နယ်၊ တပ်မဟာ (၁) စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းမှ မန်ဝိန်းနှင့် နောင်မကြီး‌ကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် (၄) ကြိမ်တိုင် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီး (၁) ဦးအပါအဝင် အမျိုးသား (၁) ဦးတို့မှာ ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့ရသည်။


(၂) အလားတူပင် ညနေ (၆) နာရီအချိန်ခန့်ကလည်း တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်မှ အထက်ပိန်ပြစ်ကျေးရွာ၊ ဘုန်းကြီးကျောင်းသို့ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် (၃) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြန်သည်။ 


(၃) ယနေ့တွင်လည်း ရက္ခိုင်ပြည်၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များ၌ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့သည်။ 


(၄) ယနေ့၊ ည (၈) နာရီ (၄၈) မိနစ်အချိန်ခန့်က ရက္ခိုင်ပြည်၊ မင်းပြားမြို့အား စစ်ကောင်စီ၏ Y-12 လေယာဉ်သည် လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် မင်းပြားမြို့၊ ပြည်တော်လှရပ်ကွက်၊ ရွှေပြည်စိုးရပ်ရှိ လူနေအိမ်အချို့မှာ မီးဟုန်းဟုန်းတောက်လောင်ပြာကျခဲ့ရသည်။


ယမန်နေ့ နောက်ဆက်တွဲသတင်းများအနေဖြင့် 


(၅) ယမန်နေ့၊ ညနေဘက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့မှ စျေးဝယ်၍ ပြန်လာကြသည့် ခရေမြိုင်ကျေးရွာနှင့် အင်းဖောက်ကျေးရွာတို့မှ ဒေသခံအမျိုးသား (၃) ဦးတို့အား မတရား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 


မိမိတို့၏စစ်ဆင်ရေးနှင့်နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027

Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၇) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး

မှတ်ချက်များ
သင်၏ ထင်မြင်ချက်