24

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၈) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

သတင်း / တအာင်းနိုင်ငံရေး
23 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၈) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည်။


ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြီး (၈၈) ရက်မြောက်နေ့တွင် ရက္ခိုင်ဒေသတွင်း တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့သည်။ ရှမ်းမြောက်ဒေသ၌မူ မိမိတို့ဖက်မှ စတင်ထိုးစစ်ဆင်ခြင်းများ မရှိခဲ့သော်လည်း စစ်ကောင်စီသည် လေကြောင်းမှ လာရောက်တိုက်ခိုက်ခြင်းများအပြင် မြေပြင်မှလည်း အလစ်အငိုက်ထိုးစစ်များကိုပါ ပြုလုပ်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲများသည် တအာင်းဒေသအတွင်း ဖြစ်ပွားခဲ့သည်။


ရက္ခိုင်ဒေသ၌ စစ်ကောင်စီ၏ ထပ်မံဖြည့်တင်းလာသည့် စစ်အင်အားများနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိသကဲ့သို့ ရက္ခိုင့်တပ်တော်၏ မဟာဗျူဟာကျစစ်ရေးလှုပ်ရှားရာ စစ်ကိုင်းတိုင်းတွင်လည်း တိုက်ပွဲများ ရှိနေခဲ့သည်။


(၁) ယနေ့၊ နေ့လယ် (၁) နာရီ (၁၀) မိနစ်အချိန်ခန့်တွင် တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်မှ တအာင်းတပ်မတော် (TNLA) ရှိရာ မိုးကုတ်နှင့် မိုးမိတ်ကြား (၉) မိုင်နှင့် လွယ်ဆာကုန်ကျေးရွာအနီးတစ်ဝိုက်သို့ ဂျက်ဖိုက်တာဖြင့် (၁) ကြိမ်နှင့် ATR-42 လေယာဉ်ဖြင့် (၁) ကြိမ် လာရောက်၍ ဗုံး (၁၀) လုံးတိတိ ပစ်ချတိုက်ခိုက်ခဲ့သည်။ 


ယမန်နေ့ကလည်း တအာင်းတပ်မတော် (TNLA) ရှိရာ မိုးကုတ်နှင့် မိုးမိတ်ကြား (၈) မိုင်သို့ စစ်ကောင်စီဖက်မှ “ဟိုင်ဂင်သဘောတူညီမှု” ကို ချိုးဖောက်၍ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဘက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲအတွင်း ရန်သူ့လက်နက် (၄) လက်အား မိမိတို့မှ သိမ်းဆည်းရမိခဲ့သည်။ 


စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီမှုများကို ကျိုးပျက်စေလိုသောကြောင့် ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာ ရန်စမှုများကို ပြုလုပ်နေသော်လည်း မိမိတို့အနေဖြင့် သည်းခံနေ၍သာ တိုက်ပွဲများ ကျယ်ပြန့်မသွားခြင်းပင်ဖြစ်သည်။ 


(၂) ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်အခြေစိုက် စစ်ကောင်စီ၏ "ခမရ (၂၆၃) တပ်ရင်း” သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သပြေတောကျေးရွာအား တမင်တကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး (၁၀) လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဤသို့အကြမ်းဖက်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ဒေသခံအမျိူးသမီး (၁) ဦးအပါအဝင် အမျိုးသား (၂) ဦးတို့မှာ လက်နက်ကြီးကျည်စထိမှန်ခဲ့၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


(၃) ယနေ့တွင် ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ “ဓညဝတီရေတပ်ဌာနချုပ်စခန်း” အား ရက္ခိုင့်တပ်တော် (AA) မှ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည်။ (အထိအခိုက်အကျအဆုံးအရေအတွက်များနှင့် အပျက်အစီးများကို လောလောဆည် မသိရသေးပေ။)


(၄) ရက္ခိုင်ပြည်၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြားနှင့် ရသေ့တောင်မြို့နယ်များတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်လျက်ရှိပြီး စစ်ရေးအရှိန်မြင့်တက်လျက်ရှိသည်။


အရှုံးနှင့် ထိပ်တိုက်ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ယနေ့တွင်လည်း ပေါက်တောမြို့အား မီးရှို့ဖျက်ဆီးခဲ့သည်။ အလားတူပင် မင်းပြားသို့ ရေကြောင်းမှ အင်အားဖြည့်တင်းလာသည့် ရန်သူ့နေဗီသင်္ဘောများမှလည်း မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများအား လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြပြန်သည်။ 


နောက်ဆက်တွဲတိုက်ပွဲသတင်းများအနေဖြင့်--


(၅) ရက္ခိုင့်တပ်တော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် ဒေသခံပူးပေါင်းတပ်များ၏ ဟန်ချက်ညီထိုးစစ်ဆင်တိုက်ခိုက်မှုမျိုးကို ရှမ်းမြောက်ရှိ မိုးမိတ်မြို့နှင့် ထိစပ်နေသည့်"မဘိမ်းမြို့"တွင်ဖော်ဆောင်နိုင်ခဲ့သည်။ မဘိမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများအား မိမိတို့စုပေါင်းအဖွဲ့မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး မဘိမ်းမြို့အား ဇန်နဝါရီလ (၂၁) ရက်နေ့မှစတင်၍ မိမိတို့မှ အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။


(၆) အလားတူပင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့၌လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ရက္ခိုင့်တပ်တော်တို့ သည် ထီးချိုင့်ပတ်ဝန်းကျင်ရှိ ဒေသခံကာကွယ်ရေးတပ်များနှင့် ပူးတွဲစစ်ဆင်ရေးကို အတူတကွစုပေါင်းပြီး ဟန်ချက်ညီ ထိုးစစ်အား ဆင်နွှဲလျက်ရှိနေသည်။ 


မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲတိုက်ပွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။ 


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027


Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၈) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး

မှတ်ချက်များ
သင်၏ ထင်မြင်ချက်