တအာင်းပြည်တွင် ဧပြီလအတွင်း ယာဉ်တိမ်းမှောက်မှု (၂)ကြိမ်နှင့် ယာဉ်တိုက်မှု (၃)ကြိမ်ဖြစ်ပွားရာမှ ကလေးငယ် (၁)ဦးအပါအဝင် အမျိုးသမီး (၄)ဦးနှင့် အမျိုးသား (၁)ဦးသေဆုံး၊ (၂၂)ဦး ထိခိုက်ဒဏ်ရာရ
နမ့်ဆန်၊ မေ ၄ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်တွင် ဧပြီလတစ်လအတွင်း နမ့်ဖက်ကာ၊ နမ့်ဆန်၊ နမ့်ခမ်းနှင့် မန်တုံမြို့နယ်တို့တွင် ယာဉ်တိမ်းမှောက်မှု (၂)ကြိမ်နှင့် ယာဉ်တိုက်မှု (၃)ကြိမ်ဖြစ်ပွားခဲ့ရာမှ ကလေးငယ် (၁)ဦးအပါအဝင် အမျိုးသမီး (၄)ဦးနှင့် အမျိုးသား (၁)ဦးသေဆုံးခဲ့ပြီး (၂၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
နမ့်ဖက်ကာမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလ (၁၁)ရက်နေ့၌ ခရီးသည်တင်ယာဥ်တစ်စီးသည် ပန်ဂျရော့ပ်ကုန်းအဆင်းရောက်စဉ် ကားဘရိတ်ပေါက်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်အတွင်းသို့ ထိုးချတိမ်းမှောက်မှုကြောင့် အမျိုးသမီး (၄)ဦးနှင့် အမျိုးသား (၁)ဦး သေဆုံးခဲ့ပြီး (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

ထို့အပြင် ဧပြီလ (၂၃)ရက်နေ့လည်း နမ့်ဆန်မြို့နယ်၊ ဟိုလတ်ကျေးရွာအနီးတွင် လူသုံးကုန်ပစ္စည်းများ တင်ဆောင်ထားသည့် ကုန်တင်ယာဉ်တစ်စီးသည် ဟိုလတ်ကျေးရွာအနီးရှိ ကုန်းအဆင်းရောက်စဉ် ကားဘရိတ်ပေါက်ကာ လမ်းဘေးရှိ လက်ဖက်ခြံအတွင်းသို့ တိမ်းမှောက်သွားရာမှ ကားမောင်းနှင်သည့် အမျိုးသား (၁)ဦး ဒဏ်ရာရရှိခဲ့သည်။
နမ့်ခမ်းမြို့နယ်၊ ကွန်လုံကျေးရွာလည်း ပြီးခဲ့သည့် ဧပြီလ (၂၃)ရက်နေ့၌ အသက် (၆)နှစ်အရွယ် စိုင်းနော်ဝမ်းလိုင်သည် နေအိမ်မှ စက်ဘီးစီးပြီး ထွက်လာသည့်အချိန်နှင့် လမ်းမအတွင်း မောင်းနှင်လာသည့် လယ်ထွန်စက်တို မတော်တဆယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာမှ ထိုကလေးငယ် သေဆုံးခဲ့ပါသည်။
အလားတူ နမ့်ခမ်းမြို့အတွင်း ဧပြီလ (၂၉)ရက်နေ့၌ ဟိုနောင်ရပ်ကွက်ရှိ ဖျော်ဖြေရေးဝိုင်းဆိုင်မှ ထွက်ခွာလာသည့် ကားတစ်စီးသည် မြို့ပတ်ဆိုင်ကယ်ဖြင့် စျေးရောင်းနေသည့် အသက် (၅၁)နှစ်အရွယ် ဒေါ်ကျာမိန်းနှင့် မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သောကြောင့် ၎င်းအမျိုးသမီး၏ ဦးခေါင်း၊ မျက်လုံးနှင့် လက်တို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယင်းအပြင် မန်တုံမြို့လည်း ပြီးခဲ့သည့် ဧပြီလ (၃၀)ရက်နေ့၌ လမ်းသုံးခွနေရာတွင် ကုန်တင်ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အသက် (၁၈)နှစ်အရွယ် မောင်ကျော်မိုးသည် နဖူးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်နောက်တွင် လိုက်ပါလာသူ အသက် (၁၈)နှစ်အရွယ် မောင်အိုက်လူလည်း ပါးဘက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် မတ်လတစ်လအတွင်းလည်း တအာင်းပြည်၊ မူဆယ်နှင့် နမ့်ခမ်းမြို့နယ်တို့တွင် ယာဉ်တိမ်းမှောက်မှုနှင့် ယာဉ်တိုက်မှု စုစုပေါင်း (၃)ကြိမ်ဖြစ်ပွားခဲ့ရာမှ အမျိုးသမီး (၄)ဦးနှင့် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဒေသအတွင်း လစဉ် ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသဖြင့် မိဘပြည်သူလူထုများအနေဖြင့် လမ်းအသုံးပြုရာတွင် အထူးသတိပြုကြရန် လိုအပ်ကြောင်းနှင့် ယာဉ်မောင်းများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို တိတိကျကျ လိုက်နာကာ ယာဉ်များကို အချိန်မှန် စစ်ဆေးထိန်းသိမ်းမောင်းနှင်ကြရန်လိုအပ်ကြောင်း တိုက်တွန်းပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ