ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၄)ဦး သေဆုံး၊ (၄)ဦး ထိခိုက်ဒဏ်ရာရ
ကျောက်မဲ၊ ဇွန်လ ၂၄ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့၊ ရပ်ကွက် (၃)နှင့် ရပ်ကွက် (၇)တွင် အပစ်ရပ်ထားသည့်စစ်ကောင်စီတပ်မှ ပြည်သူလူထုများကိုရည်ရွယ် ချက်ရှိရှိ ဦးတည်၍ ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀)ဗုံး (၂)လုံး လာရောက်ကြဲချမှုကြောင့် ပြည်သူလူထု (၄)ဦး သေဆုံးခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသည်။
ဖြစ်စဉ်တွင် ယနေ့ ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် (၂)ကြိမ် ဗုံးလာရောက်ကြဲချမှုကြောင့် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၂)ဦး သေဆုံးခဲ့ရပြီး အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၂)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ပြည်သူလူထုများ၏ နေအိမ် (၁၀)လုံးလည် ထိခိုက်ပျက်စီးသွားခဲ့သည်။
အဆိုပါနေရာများတွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူလူထုများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး ဗုံးများလာရောက်ကြဲချတိုက်ခိုက်ခြင်းဖြစ်ပါသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများရှောင် ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
ပြီးခဲ့သည့် ဇွန်လ (၁၂)ရက်နေ့လည်း နမ္မတူမြို့နယ်၊ မန်လီကျေးရွာကို စစ်ကောင်စီတပ်သည် ပြည်သူလူထုများကို ဦးတည်၍ ဂျက်ဖိုက်တာဖြင့်ပေါင် (၅၀၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ပြည်သူလူထုများ၏ နေအိမ်တစ်ချို့ ထိခိုက်ပျက်စီးသွားခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ