507

(၅၂)နှစ်ပြည့် တအာင်းစာပေနေ့အထိမ်းအမှတ် တအာင်းစာပေအဖွဲ့များစုစည်းပြီး တအာင်းစာပေအဖွဲ့ TLA အဖြစ် ဖွဲ့စည်းနိုင်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
31 August 2024

(၅၂)နှစ်ပြည့် တအာင်းစာပေနေ့အထိမ်းအမှတ် တအာင်းစာပေအဖွဲ့များစုစည်းပြီး တအာင်းစာပေအဖွဲ့ TLA အဖြစ် ဖွဲ့စည်းနိုင်ခဲ့

နမ့်ခမ်း၊ သြဂုတ် (၃၁)
တအာင်းပြည်သတင်း


၂၀၂၄ ခုနှစ် သြဂုတ်လ (၃၀)ရက်မှာ ကျရောက်သည့် (၅၂)နှစ်မြောက် တအာင်းစာပေနေ့ကို တအာင်းပြည် နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။ တအာင်းစာပေအခမ်းအနားနှင့်အတူ တအာင်းစာသင် ဆရာ/မ အဖြစ် TOT အပတ်စဉ်(၄) သင်တန်းဆင်းပွဲပါ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ ထို့အပြင် တအာင်းစာပေအဖွဲ့ Ta'ang Literature Association - TLA ကိုလည်း ဖွဲ့စည်းနိုင်ခဲ့သည်။





ယခုနှစ် တအာင်းစာပေနေ့မှာ တအာင်းမျိုးနွယ်စုများအားလုံး တမူတည်းသောစာ ရုံးသုံးစာပေ/ဘာသာစကား တိုးတက်ပြန့်ပွားစေရန် ယခင်တအာင်းစာပေအဖွဲ့အစည်းများမှ စုပေါင်း၍ တအာင်းစာပေအဖွဲ့ (TLA) ကို ဖွဲ့စည်းနိုင်ခဲ့သည်။ တအာင်းစာပေအဖွဲ့ Ta'ang Literature Association TLA သည် တအာင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ တအာင်းစာသင်ကြားရေးအဖွဲ့(TLTA)နှင့် PSLF/TNLA တအာင်းရုံးသုံးစာအဖွဲ့တို့မှ စုပေါင်း၍ ဖွဲ့စည်းထားသည်။





တအာင်းလူမျိုးများသည် မျိုးနွယ်စုများစွာရှိရှိပြီး မတူညီသော (သရ)လေသံများကိုစုစည်းကာ မျိုးနွယ်စုများမှ အများဆုံးတူညီသည့် ဝေါဟာရ စကားလုံးများအား ရုံးသုံးဘာသာစာ/စကားအဖြစ် ရွေးချယ်  သတ်မှတ်ခဲ့သည်။ ယခုဖွဲ့စည်းထားသည့် TLA သည် တအာင်းစာပေကို ထွန်းကားပြန့်ပွားအောင် အစဉ်တစိုက် လုပ်ဆောင်သွားရမည်ဖြစ်သည်။





(၅၂)ပြည့် စာပေနေ့အခမ်းအနားမှာ တအာင်းဘာသာရုံးသုံးစာဖြင့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ဘာသာပြန်စာနှင့် အခြားသော တအာင်းစာနှင့်ပတ်သက်သည့် ပြိုင်ပွဲဝင်များကို အဆင့်လိုက် ဆုချီးမြှင့်ခဲ့သည်။ ထို့အပြင် တအာင်းစာပေ သင်ကြားပေးမည့် TOT အပတ်စဉ် (၄) သင်တန်းဆင်း ဆရာ/မ များကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ သည်။




နမ့်ခမ်းမြို့နယ်တွင် ကျင်းပသည့် အခမ်းအနားသို့ PSLF/TNLA ဒု-ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တားဂျုက်ဂျားနှင့် အထွေအထွေအတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော်တို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။




တအာင်းစာပေနေ့ အခမ်းအနားကို တအာင်းပြည် နမ့်ခမ်းမြို့နယ်၊ မန်တုံမြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် အခြားမြို့နယ်များတွင်လည်း ကျင်းပခဲ့သည်။ အခမ်းအနားသို့  PSLF/TNLA ခေါင်းဆောင်ကြီးများ၊ အရာရှိအရာခံများ၊ တအာင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များ၊ တအာင်းစာသင်ကြားရေးအဖွဲ့နှင့် မိဘပြည်သူများ ပါဝင်ဆင်နွှဲကြသည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
-------------------------------------------------------------------------------------------------

Topics: (၅၂)နှစ်ပြည့် တအာင်းစာပေနေ့အထိမ်းအမှတ် တအာင်းစာပေအဖွဲ့များစုစည်းပြီး တအာင်းစာပေအဖွဲ့ TLA အဖြစ် ဖွဲ့စည်းနိုင်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်