383

တစ်ဖက်သတ်အပစ်ရပ်ရန် ညွှန်ကြားထားသည့် (၄) ရက်အတွင်း စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၁၈)ဦးသေဆုံးပြီး (၁၉)ဦးထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
18 July 2024

တစ်ဖက်သတ်အပစ်ရပ်ရန် ညွှန်ကြားထားသည့် (၄) ရက်အတွင်း စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၁၈)ဦးသေဆုံးပြီး (၁၉)ဦးထိခိုက်ဒဏ်ရာရ

ဇူလိုင် ၁၈ ရက်
တအာင်းပြည်သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA မှ ဇူလိုင် (၁၅)ရက်နေ့ ည(၁၂း၀၀)မှ ယနေ့(၁၈) ရက်နေ့ ည(၁၂း၀၀)အထိ   တစ်ဖက်သတ်အပစ်ရန် ညွှန်ကြထားသည့် (၄)ရက်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၁၈) ဦးသေဆုံးပြီး (၁၉) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်တွင် ယနေ့ ဇူလိုင် (၁၈) ရက်နေ့ တွင်  မိုးကုတ်အရှေ့ပိုင်း ကုန်းမြင့်သာယာ၊ မင်းတံတားရပ်၊ ဖောင်တော်ဦးဘုရား၊ ဟက်ဖလားရပ်နှင့် မြို့မရပ်ကွက်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မယ်သီလရှင် (၃)ပါး အပါအဝင် အရပ်သား (၉)ဦးသေဆုံးပြီး (၁၀) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။





အလားတူ ယမန့်နေ့ (၁၇) ရက်တွင် ကျောက်မဲမြို့ ခိုမုန်းသစ်စက်ဝန်းတွင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၃) ဦးပွဲချင်းပြီးသေဆုံးခဲ့သည့်အပြင် လားရှိုးမြို့ ရပ်ကွက် (၁) တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ‌ဒေသခံ (၃) ဦးသေဆုံးသွားခဲ့သည်။ ၄င်းအပြင် မိုးကုတ်ညောင်လေးပင်တွင်လည်း လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးထိမှန်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ဇူလိုင် (၁၆) ရက်နေ့တွင်  စစ်ကောင်စီမှ အတွဲလိုက်ဒုံးပစ်ခတ်မှုကြောင့် မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်အုပ်စု ပန်းမချယ်ရီရပ်ကွက်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်ပွားရာ ထိုရပ်ကွက်ရှိ အရပ်သား (၂)ဦးသေဆုံးပြီး (၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။





၄င်းအပြင် ဇူလိုင် (၁၅) ရက်နေ့တွင်လည်း ကျောက်မဲမြို့တွင် စစ်ကောင်စီမှ လက်နက်ကြီးဆက်တိုက် ပစ်ခတ်မှုကြောင့် အရပ်သား (၁) ဦး သေဆုံးသွားပြီး (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တစ်ဖက်သတ်အပစ်ရပ်ရန် ညွှန်ထားသည့် (၄) ရက်အတွင်းတွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ကား(၃)စီးမီးလောင်ခဲ့ပြီး နေအိမ် (၁၅) လုံးထက်မနည်းထိခိုက်ပျက်စီးခဲ့သည်။






ထို့အတူ ယမန်နေ့ ည(၁၀)နာရီဝန်းကျင်အချိန်မှစပြီး စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ကျောက်မဲမြို့အရှေ့ဖက် နတ်ရေကန်၊ နမ့်တုံအပေါ်ရွာနှင့် နတ်တောင်ဖက်ခြမ်း၊ ဇောတိကုန်းရွာ၊ နမ့်ဟူးတောင်အထက်၊ ပန်ပေါင်းရပ်နှင့် အေရှားဝေါတိုးဂိတ်တို့တွင် စုစုပေါင်း အကြိမ်(၄၀) ထက်မနည်းပစ်ခတ်ခဲ့သည်။

တိုက်ပွဲ (၂၄) ရက်အတွင်း စစ်ကောင်စီမှ အရပ်သားများတည်ရှိရာဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားစုစုပေါင်း (၉၄)ဦသေဆုံးပြီး (၁၃၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တစ်ဖက်သတ်အပစ်ရပ်ရန် ညွှန်ကြားထားသည့် (၄) ရက်အတွင်း စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၁၈)ဦးသေဆုံးပြီး (၁၉)ဦးထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်