354

နောင်ချိုမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့

သတင်း / နိုင်ငံရေး
11 July 2024

နောင်ချိုမြို့ရှိ  စစ်ကောင်စီတပ်စခန်းအားလုံး ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့

 

တအာင်းပြည်၊ ဇူလိုင် ၁၁ ရက်

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)

 

တအာင်းပြည်နယ် တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့ရှိ စစ်ကောင်စီ စကခ-၁၊ ဗျူဟာမှူးကြီးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဇူလိုင် ၁၀ ရက်နေ့ မွန်လွဲပိုင်း (၃း၀၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA နှင့် MDY PDF, DPLA ပူးပေါင်းတပ်ဖွဲ့တို့မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်။

 






      နောင်ချိုတပ်စခန်းများကို တအာင်းတပ်မတော်  PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)အတွင်း ဇွန်လ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး၊ သီတင်းပတ် (၂)ပတ်ကြာ ဇူလိုင် ၁၀ ရက်နေ့ (၁၅း၀၀)နာရီ အချိန်တွင် စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် ခမရ-၁၁၄ စခန်း၊ ခမရ-၁၁၅၊ ဒုံးတရ - ၆၀၆ နှင့် အုမ္မတီး၊ အုမ္မခါးစခန်း၊ ကျောက်ကြမ်းစခန်း၊ ရွှေညောင်ပင်စခန်း၊ ကံ့ကော်၊ ခဲမွန်၊ စက်ရုံ၊ တိုးဂိတ်၊ ဆေးရုံ၊ ဘူတာရုံနှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ပါသည်။

 





နောင်ချိုမြို့သည် စစ်ကောင်စီ   စကခ-၁၊ လက်အောက်ခံ တပ်ဖြစ်သည့် ခမရ-၁၁၄, ခမရ-၁၁၅ နှင့် ဒုံးတပ်ရင်း - ၆၀၆ တို့ လာရောက်ထိုးစစ်ဆင်စခန်းချသည့် မြို့လည်း ဖြစ်သည်။






 

 

    စစ်ကောင်စီ နောင်ချိုတပ်စခန်းကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighter (၆၀)ကြိမ်၊ Y12 လေယာဥ် (၄၂)ကြိမ်၊ Mi35 (၅)ကြိမ်၊ လက်နက်ကြီးဖြင့် (၂၃၈) ကြိမ်၊ အတွဲလိုက်ဒုံး (၃၁)လုံး၊ ပေါင် ၅၀၀ ဗုံး (၂)လုံး နှင့် အဆိပ်ငွေ့ဗုံး (၄)လုံး အသုံးပြုတိုက်ခိုက်ခဲ့သည်။ ထို့ပြင် ဒုံးတရ (၆၀၆) အတွင်း စစ်ကောင်စီတပ်မှ ထောက်ပို့ယာဉ်ဖြင့် (၈)ကြိမ် လက်နက်ခဲယမ်းများ လာရောက်ကျဲချခဲ့သည်။

 






တိုက်ပွဲကာလအတွင်း  စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင်၊  လေယာဉ်ပစ်လက်နက် (၂)လက်၊  Radar စက် (၁)လုံး၊ လက်နက်မျိုးစုံ (၁၃၉)လက်၊ 60 MM (၁၅)လက်၊ 80 MM (၂)လက်၊ ဆလက် (၁၇) လက်၊ ဒုံးပစ်ကျည် (၁၀)သေတ္တာ၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများရှင်းလင်းသိမ်းဆည်းရမိပြီးဖြစ်သည်။ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာတွင် လက်နက်မျိုးစုံ (၆၀၀) ကျော် သိမ်းဆည်းရမိခဲ့သည်။

 






စစ်ကောင်စီ နောင်ချိုတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် နောင်ချိုဒေသခံ (၁၀)ဦး သေဆုံးခဲ့ပြီး၊ (၉) ဦီး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း (၂)ကျောင်း လေယာဥ်ဗုံးစ ထိမှန်ပျက်ဆီးခြင်း နှင့် လူနေအိမ် (၉) လုံး မီးလောင်ပျက်စီးခဲ့သည်။

 







ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၁ ရက် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)အတွင်း တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ ပထမဆုံး သိမ်းပိုက်ရရှိသည့် မြို့အဖြစ် နောင်ချိုမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်သည်။

 

 

#PSLFTNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နောင်ချိုမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်