493

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း ထပ်မံသိမ်းပိုက်ရရှိသည့်မြို့များအား PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နှင့်အဖွဲ့များက အုပ်ချုပ်ရေးယန္တရားပြန်လည် လည်ပတ်နိုင်ရန် သွားရောက်ပြီး လူထုတွေ့ဆုံပွဲပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
27 August 2024

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း ထပ်မံသိမ်းပိုက်ရရှိသည့်မြို့များအား PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နှင့်အဖွဲ့များက အုပ်ချုပ်ရေးယန္တရားပြန်လည် လည်ပတ်နိုင်ရန် သွားရောက်ပြီး လူထုတွေ့ဆုံပွဲပြုလုပ် 


တအာင်းပြည်၊ သြဂုတ် (၂၇) ရက်

တအာင်းပြည်သတင်း


၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်သည့် ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်စသည့်မြို့တွေကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ဗဟို အထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဇာရ်တို့အဖွဲ့မှ သြဂုတ်လ (၁၅)ရက်မှ (၁၈)ရက်နေ့အထိ (၄)ရက်ကြာ ခရီးစဉ် သွားရောက် ကွင်းဆင်းလေ့လာခဲ့သည်။






ခရီးစဉ်မှာ သိမ်းပိုက်ရရှိထားသည့် တပ်စခန်းနှင့် အစိုးရဆိုင်ရာဌာနရုံးများ၊ အုပ်ချုပ်ရေးရုံးများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများအား သွားရောက် လေ့လာခဲ့သည်။ မိုးကုတ်မြို့နှင့် မိုးမိတ်မြို့တွင် လူထုတွေ့ဆုံမှုပါ ပြုလုပ်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ ပြန်လည် လည်ပတ်နိုင်ရေးအတွက် မြို့ခံပြည်သူလူထုအား ရှင်းလင်းခဲ့သည်။


သြဂုတ်လ (၁၇) ရက်နေ့ မိုးကုတ်မြို့၌ ရပ်ကွက်ကျေးရွာ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ PSLF/TNLA အုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲ၌ ဗိုလ်ချုပ် တားဘုန်းကျော်မှ မြို့သိမ်းတိုက်ပွဲဆင်နွှဲရသည့်အကြောင်း၊ PSLF/TNLA ရဲ့တော်လှန်ရေးလုပ်ငန်း ရည်ရွယ်ချက်နှင့် အဖွဲ့အစည်း၏ မူပေါ်လစီများကို ရှင်းလင်းတင်ပြပြီးနောက် မိုးမိတ်မြို့နယ်အတွင်း ပြန်လည်တည်ငြိမ်ရေးနှင့် ဒေသတွင်း အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဆွေးနွေးခဲ့သည်။






ထို့အပြင် တက်ရောက်လာသည့် ကိုယ်စားလှယ်များနှင့် အပြန်အလှန်ဆွေးနွေးခြင်း၊ ကိုယ်စားလှယ်များ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခြင်း၊ ပြည်သူလူထုများ၏ အခြေခံဝန်ဆောင်မှုဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးတို့ အမြန်ဆုံး ရရှိရေးအတွက် ဆောင်ရွက်လိုကြောင်းနှင့် လိုအပ်နေသည့် ကျွမ်းကျင်ဝန်ထမ်းများကို မြို့နယ်အတွင်းရှိ CDM ဝန်ထမ်းများအား ဖိတ်ခေါ်ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားခဲ့သည်။


ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ်တားဂူဇာရ်ကလည်း မြို့တွင်းအုပ်ချုပ်ရေးလုပ်ငန်းနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ မိဘပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ တင်ပြဆွေးနွေးခဲ့သည်။






တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် လူမျိုးစုကိုယ်စားလှယ်များ ရပ်ကွက်အုပ်ချုပ်ရေးကိုယ်စားလှယ်များ အုပ်ချုပ်ရေးလုပ်ငန်းအား အကြံပြုချက်များပေးပြီး သိလိုသည့် အကြောင်းအရာများကိုလည်း မေးမြန်ခဲ့ကြသည်။ မိုးမိတ်မြို့နယ်၌ စစ်ကောင်စီ စိုးမိုးအုပ်ချုပ်စဉ်က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ များပြားပြီး အရေးယူမှုလုပ်ငန်းများဆောင်ရွက်ပေးရန် တွေ့ဆုံပွဲ၌ တက်ရောက်လာသည့် ကိုယ်စားလှယ်များက တောင်းဆိုထားသည်။


တဆက်တည်းမှာပင် သြဂုတ်လ (၁၈) ရက်နေ့၌ မိုးကုတ်မြို့နယ်မှ မိဘပြည်သူများနှင့် တွေ့ဆုံခဲ့သည်။ ဗိုလ်ချုပ်တားဘုန်းကျော်က တော်လှန်ရေးရည်ရွယ်ချက်နှင့် အဖွဲ့အစည်း၏ မူပေါ်လစီအား ရှင်းလင်းတင်ပြပြီး မြို့တွင်း စည်ပင်သာယာရေးနှင့် ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေးတို့ကို ဆောင်ရွက်မည့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။






မိုးကုတ်မြို့နယ်၌ တစ်နိုင်တပိုင် အသေးစားကျောက်ရှာဖွေရေးလုပ်ငန်းနှင့် ရိက္ခာများ လွယ်ကူစွာ သယ်ယူနိုင်ရေးတို့ကိုလည်း အဆင်ပြေချောမွေ့စေရန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟုလည်း ဗိုလ်ချုပ်တာဘုန်းကျော်မှ ပြောခဲ့သည်။


ဗဟိုအထွေထွေအုပ်ချူပ်ရေးဌာနမှူး ဗိုလ်မှူးချူပ် တားဂူးဇာရ်က မြို့တွင်း အုပ်ချုပ်ရေးယန္တရား ပြန်လည် လည်ပတ်နိုင်ရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနများနှင့် ပူးပေါင်းပါဝင်ကြရန် တွေ့ဆုံပွဲ၌ တက်ရောက်လာသည့် မြို့မိမြို့ဖများအား တိုက်တွန်းပြောဆိုသည်။






လက်တလော ကာလအတွက် အုပ်ချုပ်ရေးလုပ်ငန်းများကို PSLF/TNLAမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့် ၂၀၂၅ ခုနှစ်၌ ကြားကာလ တော်လှန်ရေးအစိုးရ၊ PSLF/TNLA နှင့် အရပ်သားများ ပူးပေါင်းပြီး အုပ်ချုပ်ရေးလုပ်ငန်း ပူးတွဲစီမံအုပ်ချုပ်သည့် အစိုးရ ပေါ်ပေါက်နိုင်ရန် ကြိုးပမ်းသွားမည်ဟုလည်း ဗိုလ်ချုပ်တားဘုန်းကျော်က ပြောခဲ့သည်။


လူထုတွေ့ဆုံပွဲအပြင် ဗိုလ်ချုပ်တားဘုန်းကျော်နှင့် အဖွဲ့ဝင်များက ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ်မြို့တွင်ရှိသည့် သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား ဌာနအလိုက်တွေ့ဆုံကာ လုပ်ငန်းများအတွက် အကြံပြုချက်များ၊ လမ်းညွှန်မှုများအား တွေ့ဆုံ ညွှန်ကြား ခဲ့သည်။


၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)သည် ဇွန်လ (၂၅)ရက်က ပြန်လည်စတင်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်စတဲ့ မြို့နယ်များကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း ထပ်မံသိမ်းပိုက်ရရှိသည့်မြို့များအား PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နှင့်အဖွဲ့များက အုပ်ချုပ်ရေးယန္တရားပြန်လည် လည်ပတ်နိုင်ရန် သွားရောက်ပြီး လူထုတွေ့ဆုံပွဲပြုလုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်