2243

စံချိန်စံညွှန်းမပြည့်မီသည့် အစားအသောက်များ ဝယ်ယူစားသုံးခြင်းမပြုရန် တအာင်းပြည်အတွင်းရှိ ပြည်သူများကို တိုက်တွန်း

လူနေမှုဘ၀ / အစားအသောက်
17 October 2026

စံချိန်စံညွှန်းမပြည့်မီသည့် အစားအသောက်များ ဝယ်ယူစားသုံးခြင်းမပြုရန် တအာင်းပြည်အတွင်းရှိ ပြည်သူများကို တိုက်တွန်း

 

နမ့်ဆန်၊ အောက်တိုဘာ ၁၇ ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်အတွင်းရှိ ပြည်သူများအနေဖြင့် Myanmar FDA ၏ စစ်ဆေးတွေ့ရှိချက်များအရ သတ်မှတ်စံချိန်စံညွှန်းများနှင့် မကိုက်ညီသည့် အစားအသောက်များကို ဝယ်ယူစားသုံးခြင်းမပြုကြရန် သတိပြုရမည်ဖြစ်သည်။ Myanmar FDA ၏ စစ်ဆေးချက်များအရ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် အစားအသောက်အချို့တွင် သတ်မှတ်ခွင့်ပြုပမာဏထက် ကျော်လွန်သော ဓာတုပစ္စည်းများ၊ တာရှည်ခံပစ္စည်းများနှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် မှိုဆိပ်များ ပါဝင်နေသဖြင့် အဆိုပါစားသောက်ကုန်များကို ဈေးကွက်မှ ပြန်လည်ရုတ်သိမ်းရန်နှင့် ပြည်သူများ ဝယ်ယူစားသုံးခြင်းမပြုရန် သတိပေးထားသည်။

 

အဆိုပါစားသောက်ကုန်များတွင် Green Circle Co., Ltd. မှ ထုတ်လုပ်သည့် Ve Ve စတော်ဘယ်ရီအရသာနို့၊ အော်ရိုရာ မက်မန်းသီးချိုချဉ်နှင့် De De နို့ဒိန်ချဉ် လိမ္မော်အနံ့အရသာတို့ ပါဝင်သည်။ ယင်းထုတ်ကုန်များတွင် အချိုဓာတ်ရရှိစေရန် အသုံးပြုသည့် Sodium Cyclamate ဓာတုပစ္စည်းသည် သတ်မှတ်ခွင့်ပြုပမာဏထက် ကျော်လွန်ပါဝင်နေကြောင်း သိရသည်။

 

ထို့အပြင် De De နို့ဒိန်ချဉ် လိမ္မော်အနံ့အရသာနှင့် နဂါးနီ ပုန်းရည်ကြီးထုတ်ကုန်များတွင် တာရှည်ခံပစ္စည်းများဖြစ်သည့် Sodium Benzoate နှင့် Benzoic Acid တို့သည် သတ်မှတ်ပမာဏထက် ကျော်လွန်ပါဝင်နေပြီး နန်းတွင်းသူ ငရုတ်သီးအစိမ်းမှုန့်တွင်လည်း Aflatoxin B1 ဟုခေါ်သည့် မှိုဆိပ်ဓာတ် ပမာဏမြင့်မားစွာ ပါဝင်နေကြောင်း FDA ၏ စစ်ဆေးချက်များတွင် ဖော်ပြထားသည်။

 

Aflatoxin B1 သည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည့် မှိုဆိပ်တစ်မျိုးဖြစ်ပြီး ရေရှည်စားသုံးမိပါက အသည်းထိခိုက်ပျက်စီးခြင်းနှင့် အသည်းကင်ဆာဖြစ်ပွားနိုင်ခြေ မြင့်တက်ခြင်းတို့ကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် အသည်းရောဂါရှိသူများအနေဖြင့် ပိုမိုသတိပြုရန် လိုအပ်ပြီး ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါရှိသူများအနေဖြင့်လည်း အစားအသောက်ဘေးကင်းလုံခြုံရေးကို အလေးထားရန် လိုအပ်သည်။

 

အလားတူ Sodium Cyclamate နှင့် တာရှည်ခံပစ္စည်းများကို သက်ဆိုင်ရာ အစားအသောက်ဘေးကင်းလုံခြုံရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ သတ်မှတ်ပမာဏအတွင်း အသုံးပြုနိုင်သော်လည်း ခွင့်ပြုပမာဏထက် ကျော်လွန်ပါဝင်ခြင်းသည် အစားအသောက်ဘေးကင်းလုံခြုံရေး စံနှုန်းများနှင့် မကိုက်ညီဘဲ စားသုံးသူများအတွက် မလိုလားအပ်သည့် ကျန်းမာရေးအန္တရာယ်များ ဖြစ်ပေါ်စေနိုင်သည်။

 

အဆိုပါ စံချိန်စံညွှန်းမပြည့်မီသည့် စားသောက်ကုန်များသည် တအာင်းပြည်အတွင်းရှိ ဈေးဆိုင်များနှင့် အခြားအရောင်းဆိုင်များသို့လည်း ရောက်ရှိနေပါသဖြင့် ပြည်သူများအနေဖြင့် Myanmar FDA ၏ သတိပေးချက်တွင် ဖော်ပြထားသည့် ထုတ်ကုန်အမည်၊ အမှတ်တံဆိပ်နှင့် ထုပ်ပိုးပုံများကို သေချာစစ်ဆေးပြီး ဝယ်ယူစားသုံးခြင်းမှ ရှောင်ကြဉ်ကြရန် လိုအပ်သည်။

 

ထို့အပြင် တအာင်းပြည်အတွင်းရှိ အစားအသောက်ဖြန့်ဖြူးရောင်းချသူများနှင့် ဈေးဆိုင်ပိုင်ရှင်များအနေဖြင့်လည်း သတိပေးချက်တွင် ဖော်ပြထားသည့် စားသောက်ကုန်များကို ဆက်လက်ဖြန့်ဖြူးရောင်းချခြင်းမပြုဘဲ သက်ဆိုင်ရာထုတ်ကုန်များကို စစ်ဆေးဖယ်ရှားကြရန် လိုအပ်သည်။ ပြည်သူများအနေဖြင့်လည်း မိမိနှင့် မိသားစုဝင်များ၏ ကျန်းမာရေးကို ကာကွယ်နိုင်ရန် အစားအသောက်ဘေးကင်းလုံခြုံရေးဆိုင်ရာ သတိပေးချက်များကို အလေးထားလိုက်နာကြရန် တိုက်တွန်းအပ်သည်။

 

Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: စံချိန်စံညွှန်းမပြည့်မီသည့် အစားအသောက်များ ဝယ်ယူစားသုံးခြင်းမပြုရန် တအာင်းပြည်အတွင်းရှိ ပြည်သူများကို တိုက်တွန်း
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်