....

တအာင်းလူမျိုးအကြောင်း

တအာင်း(ပလောင်)လူမျိုးတို့၏နောက်ခံသမိုင်းအကျဉ်း



တအာင်း(ပလောင်)လူမျိုးတို့သည် ဤကမ္ဘာမြေပေါ်တွင် ရှေးနှစ်ထောင်ပေါင်းများစွာကတည်းကပင် ရှင်သန် တည်ရှိလာသည်ကို သမိုင်းအထောက်အထား များစွာတွင်တွေ့ရှိရသည်။ မွန်ဂိုလွိုက်လူမျိုးနွယ်ကြီး မှ သြစသြစ် လူမျိုး-သြစတြိုနီးရှန်းနှင့် သြစတြိုအေရှတစ် ဘာသာစကားပြောကြသော မွန်-ခမာ မျိုးနွယ် စုဖြစ်သော တအာင်း လူမျိုးတို့သည် တရုတ်ပြည် ယန်စီကျန်းမြစ်ဝှမ်းဒေသတို့တွင် အခြေချနေထိုင် လာခဲ့ကြသည်။

            မြောက်ပိုင်းလူမျိုးများ အစုလိုက်အပြုံလိုက်တိုးဝင်လာခြင်းနှင့် စစ်ဘေးဒါဏ်တို့ကြောင့် တောင်ပိုင်းဒေသ သို့ ရေကြည်ရာမြက်နုရာ ပြောင်းရွေ့နေထိုင်လာခဲ့ကြသည်။ ခရစ်တော်မတိုင်မီ ဘီစီ တစ်ထောင်ခန့် (နှစ်ပေါင်း သုံးထောင်ကျော်)ကပင် မွန်-ခမာအနွယ်ဝင် မွန်၊ ဝ၊ ပလောင် လူမျိုးတို့သည် တရုတ် ပြည် တောင်ပိုင်း ယန်စီ ကျန်းဒေသမှ ရွှေလီမြစ်၊ တာပိန်မြစ်၊ သံလွင်မြစ်နှင့် မဲခေါင်မြစ်ကြောင်းများ အတိုင်း ရွေ့ပြောင်းလာကြပြီး ထိုမြစ်ဝှမ်းများဒေသများတွင် အခြေချနေထိုင် လာခဲ့ကြသည်။

ထို့ကြောင့် မနုဿပညာရှင်တို့က မွန်၊ ဝ၊ ပလောင် လူမျိုးတို့သည် ယခု မြန်မာပြည် ဟုခေါ်ဆို သတ်မှတ် ထားသည့်နယ်မြေ ဒေသတွင်းသို့ ပထမဉီးဆုံး အခြေချနေထိုင်သော မွန်-ခမာမျိုးနွယ်များ ဖြစ်သည်ဟု

လက်ခံထားကြသည်။

 

“တအာင်း(ပလောင်)လူမျိုးနှင့် လူမျိုးတမျိုးဟု အသိအမှတ်ပြုနိုင်မည့် ဝိသေသလက္ခဏာ”

ကမ္ဘာပေါ်ရှိလူမျိုးစုများအကြောင်းလေ့လာသည့် မနုဿလူမှုပညာရှင်များ သတ်မှတ်ထားသော လူမျိုး တမျိုး ဖြစ်ကြောင်း အသိအမှတ်ပြုနိုင်မည့် ဝိသေသလက္ခဏာများမှာ-

၁) လူသားအုပ်စုအဖြစ် စုစည်းမှု (Racial Unity)

၂) ဘာသာစကား တူညီမှုအရ စုစည်းထားမှု (Community of Language)

၃) ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းတူညီမှု အရစုစည်းထားမှု(Community of Culture and traditions)

၄) နေထိုင်ရာ နယ်နိမိတ်စုစည်းမှု (Geographic Unity)

၅) ဘုံအကျိုးစီးပွားတူညီမှု (Common Interests)တို့ဖြစ်ပါသည်။

မိမိတို့ တအာင်းလူမျိုးသည် ထိုဖော်ပြပါ လူမျိုးတမျိုးအားအသိ အမှတ်ပြုနိုင်မည့် လက္ခဏာနှင့် ပြည့်စုံ ကိုက်ညီသော လူမျိုးတမျိုး ဖြစ်သည်။ တအာင်းလူမျိုးတွင် မျိုးနွယ်စုများရှိပြီး ထိုမျိုးနွယ်စုအားလုံးမှာ တအာင်းလူမျိုး အဖြစ် ခံယူကြသည်။ တအာင်းလူမျိုးသည် မြန်မာနိုင်ငံရှိမည်သည့် လူမျိုးတို့၏ လက်အောက်ခံမျိုးနွယ်စု၊ မျိုးနွယ်စိပ် တခုမဟုတ်ပေ။

လူမျိုးနွယ်ဆင်းသက်မှုအရ မွန်၊ ပလောင်၊ ဝ၊ ခမာ လူမျိုးတို့မှာ မွန်ခမာ မျိုးနွယ်များဖြစ်ကြပြီး တအာင်း ပလောင်လူမျိုးးသည့် သီးခြားလွတ်လပ်သည့်လူမျိုးတစ်မျိုးဖြစ်သည်။

 

 

“အမျိုးသားရေးဝိသေသလက္ခဏာများ”

ကမ္ဘာနိုင်ငံရေးသိပ္ပံပညာရှင်များနှင့် နိုင်ငံရေးခေါင်းဆောင်များ သတ်မှတ်ထားသည့် အမျိုးသားရေး ဝိသေသ လက္ခဏာများမှာ-

• တူညီသောနောက်ခံသမိုင်းကြောင်း (Political Background)

• နိုင်ငံရေးအသိနိုးကြားမှု (Political Awareness)

• နေထိုင်ရာနယ်မြေအပိုင်းအခြားတဆက်တည်းရှိခြင်း (Geographic Unity)

• တူညီသော ဘာသာစကား၊ စာပေနှင့်ယဉ်ကျေးမှု (Language and Culture) တို့ဖြစ်ပါ သည်။



                တအာင်းလူမျိုးတို့သည် နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ လားရှိူး၊ သီပေါ၊ နမ္မတူ၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ မိုင်းလုံ၊ မိုင်းရှူး၊ မိုင်းကိုင်၊ ကလော အစရှိသောမြို့နယ်များတွင် ရှေးနှစ်ထောင်ပေါင်း များစွာကတည်း ကပင် ပျံ့နှံ့စွာနေထိုင်ကြပါသည်။

တအာင်းလူမျိုးများသည် နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မူစယ်အရှေ့တောင်ခြမ်း၊ ကွတ်ခိုင်အနောက်ခြမ်း၊ နမ္မတူ အနောက်ခြမ်း၊ ကျောက်မဲ အနောက်နှင့်မြောက်ခြမ်း၊ မိုးကုတ်အရှေ့ခြမ်း၊ မိုးမိတ်အရှေ့တောင်ဘက်ခြမ်း တို့တွင် တဆက်တည်းထိစပ်နေထိုင်လျက်ရှိပါသည်။

တအာင်းလူမျိုးတွင် ကတူရ်၊ ကွမ်ဟယ်၊ တောင်မ၊ ရူမိုင်း၊ ရူစိင်၊ ရူကော၊ ရူဂွါင်၊ ရူခု်ရ်၊ ထဲဝ်ရာည်(ရူပိုး)၊ ရူမိူင်။ ရူမာဝ်၊ ရူလောင်၊ ရူခူရ်၊ရူလျဲငှ်၊ ရူနော့်၊ ရူဘြာ်င်၊ ငွံန်ရောတ်၊ ပန်နိမ် စသဖြင့် မျိုးနွယ်စု များစွာ ရှိသော်လည်း ဘာသာစကား၊ စာပေနှင့် ဓလေ့ထုံး ယဉ်ကျေးမှုတို့မှာ အတူတူပင်ဖြစ်သည်။

တအာင်းလူမျိုးတို့သည် အေးချမ်းစွာသီးခြား၊ တောင်တန်း ကုန်းပြင်မြင့်များအတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ အုပ်ချုပ်သူအဆက်ဆက်တို့၏ဖိနှိပ်မှုကြီးမားခြင်း အစရှိသည့် အချက်များကြောင့် ဘာသာစကားမှာ နေရာဒေသနှင့်မျိုးနွယ်အလိုက် အနည်းငယ်ကွဲပြားသည်။

သို့သော် အချင်းချင်း ဆက်သွယ်၍ မရနိုင်လောက်အောင် ကွဲပြား ခြားနားခြင်း မရှိချေ။



တောင်ပိုင်စော်ဘွားအဆက်ဆက်တို့သည် လွန်ခဲ့သည့် နှစ်ပေါင်းတထောင်ကျော်ကတည်းကပင် တအာင်း လူမျိုး တို့ကို ဆွေစဉ် မျိုးဆက်အရအုပ်ချုပ်ခဲ့ပါသည်။ တအာင်းလူမျိုးတို့၏ နောက်ဆုံးစော်ဘွားဖြစ်သည့် ခွန်ပန်းစိန်သည် ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်ထွန်း ပေါ်ပေါက်လာရန်အဓိကအက္ခရာကျသည့် ပင်လုံစာချုပ်ချုပ်ဆိုရာတွင် ပါဝင်ဦးဆောင်ခဲ့သူခေါင်းဆောင်တဉီးဖြစ်သည်။

တအာင်းလူမျိုးတို့ နေထိုင်ရာ တောင်စဉ် တောင်တန်းများကို ပိုင်စိုးသူ ခေတ်ရေစီးကြောင်း အမြင်ရှိသူ တောင်ပိုင်စော်ဘွားကြီးသည် ၁၉၅၈ ခုနှစ်တွင် စော်ဘွားအာဏာ စွန့်လွှတ်ပြီး ပဒေသရာဇ် အုပ်ချုပ်ရေး စံနစ်ကို အဆုံးသတ်ခဲ့ပါသည်။

တအာင်းလူမျိုးတို့သည် ကိုလိုနီနယ်ချဲ့များ တောင်ပိုင်နယ်အတွင်းသို့ လာရောက်သိမ်းပိုက်သည့်အချိန်တွင် ခုခံကာကွယ်ခဲ့ပြီး အခြားလူမျိုးများနှင့်အတူ နယ်ချဲ့တော်လှန်ရေးတိုက်ပွဲများ ပူးပေါင်းဆင်နွှဲခဲ့ကြသည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင်လည်း တောင်ပိုင် စော်ဘွားကြီးဦး ဆောင်မှုအောက်တွင် ပါဝင်လိုက်ပါ ခဲ့သည်။ စော်ဘွားကြီးခွန်ပန်းစိန်သည် မြန်မာပြည်၏လွတ်လပ်ရေးမီးရှူးတန်ဆောင် ဗိုလ်ချုပ်အောင်ဆန်း ၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် တဘက်တလမ်းမှပါဝင်ပံ့ပိုးကူညီခဲ့သည်။

အမျိုးသားရေးလက္ခဏာကို ငြိမ်းချမ်းသည့် နိုင်ငံရေးနည်းလမ်းဖြင့် လှုပ်ရှားရန်အတွက် ပလောင်အမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ချုပ်ကို ၁၉၄၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော်လည်း တော်လှန်ရေး ကောင်စီ စစ်အစိုးရ လက်ထက် ၁၉၆၂ ခုနှစ်တွင်ဖျက်သိမ်းခံခဲ့ရသည်။

ထိုနောက် တအာင်းပလောင်အမျိုးသားတို့ကို ကာကွယ်နိုင်ရန်အတွက် တအာင်းမျိုးချစ် လူငယ်များနှင့် တောင်ပိုင်စော်ဘွားနွယ်များက လက်နက်ကိုင်တပ်ဖွဲ့ကို ကြိုးပမ်းဖွဲ့စည်းခဲ့ ကြပါသည်။

၁၉၆၃ ခုနှစ်တွင် ပလောင်အမျိုးသားတပ်ဖွဲ့ တပ်ရင်း(၅)နှင့် တပ်ရင်း(၆) တို့ကိုဖွဲ့စည်းခဲ့ပြီး လက်နက် ကိုင် တော်လှန်ရေးကို စတင်ခဲ့သည်။ ထိုမှတဖန် ၁၉၇၆ ခုနှစ်တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော်အဖြစ်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ပလောင်တောင်ပိုင် နယ်များကို ခုခံကာကွယ်စိုးမိုးခဲ့သည်။ အခြေ အနေ အကြောင်းအမျိုးမျိုးကြောင့် ၁၉၉၁ ခုနှစ်တွင် အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀ဝ၅ ခုနှစ်တွင် အပြီး အပိုင် လက်နက် အပ်ခဲ့ရသည်။



ပလောင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် နမ့်ဆန်နှင့်ကွတ်ခိုင် နယ်တွင် မဲအနိုင်ရရှိခဲ့ပြီး နောက်ပိုင်းတွင် စစ်အုပ်စုတို့က ထိုနိုင်ငံရေးပါတီကိုဖျက်သိမ်းလိုက်သည်။ ၂၀၁၀ ရွေးကောက်ပွဲ တွင် လည်း ယခင် PSLA ခေါင်းဆောင်ဟောင်းများဖွဲ့စည်းထားသည့် တအာင်း (ပလောင်) အမျိုးသားပါတီTNP က လွှတ်တော်ကိုယ်စား လှယ် စုစုပေါင်း ၆ ဦး အသီးသီးအနိုင်ရရှိခဲ့သည်။

တအာင်းလူမျိုးတို့၏ ဘုံစာမူအဖြစ်အသုံးပြုနိုင်ရန်အတွက် တအာင်းစာပေကို အားလုံး၏ သဘော တူညီမှုဖြင့်ပြုစုချမှတ်ကျင့်သုံးနိုင်ခဲ့သည်မှာ နှစ်ပေါင်းသုံးဆယ်ကျော်ပြီးဖြစ်သည်။ တောင်ပေါ်ကုန်းပြင်မြင့် တွင် နေထိုင်ကြ သော တအာင်းလူမျိုးတို့သည် ယုံကြည်ကိုးကွယ်မှု၊ ဘာသာရေးပွဲလမ်းသဘင်ကျင်းပခြင်း၊ လက်ထပ် ထိမ်းမြားခြင်း၊ နာရေးအခမ်းအနားကျင်းပခြင်း အစရှိသည့် ဓလေ့ထုံးတမ်း ယဉ်ကျေးမှုတို့မှာ တူညီကြ ပါသည်။ ထိုပြင် တအာင်းမျိုးနွယ်စုအသီးသီး၏ ရိုးရာပုံပြင်များ၊ လူမျိုးနွယ်ဆင်းသက်လာပုံ ပါးစပ် ရာဇဝင်တို့မှာလည်း အများစုတူညီကြပါသည်။

တအာင်းစာပေနှင့်ယဉ်ကျေးမှုကော်မီတီသည် ၁၉၇၃ ခုနှစ်ကတည်းက ယနေ့အထိ တရားဝင်အဖွဲ့အစည်း အဖြစ် မှတ်ပုံတင်ဖွဲ့စည်းထားပြီး စာပေနှင့်ယဉ်ကျေးမှုလုပ်ငန်းများကို တအာင်း လူမျိုးများနေထိုင်ရာ မြို့နယ် အသီးသီးတွင် တက်ကြွစွာလှုပ်ရှားလျှက်ရှိသည်။

ဤကဲ့သို့သော အချက်အလက်များနှင့် ပြည့်စုံသော မိမိတို့တအာင်းလူမျိုးကို အမျိုးသားရေးလက္ခဏာနှင့် မပြည့်စုံသေးပါဟု မည်သူ ငြင်းနိုင်ပါမည်နည်း။



PSLF/TNLA လက်စွဲစာအုပ်မှ ကောက်နှုတ်သည်။



#PSLF/TNLA

#သတင်းနှင့် ပြန်ကြားရေးဌာန